Mon, Apr 8, 2024 9:47 AM | B2C Super Admin
အမြဲတမ်းတက်တက်ကြွကြွဖြစ်နေခြင်းက အလုပ်အပေါ်အာရုံစူးစိုက်နိုင်မှု့ကိုတိုးတက်စေပြီး မျက်နှာပေါ်ကအရေးအကြောင်းတွေကလဲလျော့ကျစေပါတယ်။ ဒါကြောင့်အခုပြောပြပေးသွားမဲ့ အချက်တွေကိုရှောင်ကြည်လိုက်ပါနော်။
တချို့လူတွေမှာတော့ အိပ်ချိန်မှန်ရဲ့သားနဲ့ မနက်နိုးလာတဲ့အချိန်မှာ ပင်ပန်းပြီး အိပ်ရေးမဝသလို၊ ခေါင်းမူးနေသလို၊ မောပြီး အားမရှိသလိုနဲ့ လန်းလန်းဆန်းဆန်း မဖြစ်နေတာ ဘာကြောင့်ပါလဲ
အိပ်ချိန်မှန်ပေမယ့် အိပ်ရေးမဝသလို ခံစားနေရတဲ့ အကြောင်းရင်းတွေကတော့ ~
ကဖင်းဓါတ် ~ ညအိပ်ချိန်မရောက်ခင် 6နာရီအတွင်း ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေ သောက်မိတဲ့အခါ ညအိပ်ပျော်သွားခဲ့ရင်တောင် ဦးနှောက်က ကဖင်းဓါတ်ကြောင့် ဆက်ပြီး အလုပ်လုပ်နေရတဲ့အတွက် မနက်ခင်းမှာ ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်။
ညစာစားချိန် ~ ညအိပ်ခါနီး ၂နာရီအတွင်း သို့မဟုတ် ည ၈နာရီထက် နောက်ကျပြီး အစာစားတဲ့သူတွေမှာလည်း အစာအိမ်က အစာချေဖျက်နေရတဲ့အတွက် ညအိပ်မပျော်တာမျိုး ဖြစ်စေနိုင်သလို အိပ်ရေးဝအောင် အိပ်သည့်တိုင်အောင် စိတ်မကြည်မလင်၊ ကိုယ်လက် မအီမသာ ဖြစ်နေနိုင်ပါတယ်။
Screen Time ~ ညအမှောင်ထဲမှာ ဖုန်းအသုံးပြုခြင်း၊ ကွန်ပျူတာအသုံးပြုခြင်းတို့အပြင် တီဗီနဲ့ ရုပ်ရှင်ကြည့်တဲ့အခါတွေမှာ ဖန်သားပြင်ပေါ်က အလင်းတန်းတွေဟာ မျက်လုံးထဲကို တိုက်ရိုက်ဝင်ရောက်လာပြီး မျက်စိထိခိုက်နိုင်ပါတယ်။ ဒီလို ညအိပ်ခါနီးမှ ရုပ်ရှင်ကြည့်တဲ့သူ အများစုဟာ အိပ်ချိန် ၇နာရီ ပြည့်ဝခဲ့ရင်တောင် နိုးလာတဲ့အခါ အိပ်ရေးမဝတဲ့ ခံစားချက်မျိုး၊ မျက်စိညောင်းကိုက်နေတာမျိုး၊ မနက်အလုပ်မှာ ခိုးအိပ်ဖို့တွေးနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ပညာရှင် Time ~ ဘယ်လောက်ခါးတဲ့ အရက်ပဲဖြစ်ဖြစ် မခါးအောင် ရောစပ်နိုင်တဲ့ ပညာရှင်တွေဟာ ညညဆို ထွက်လာတက်ပါတယ်။ ပညာရှင်တွေအနေနဲ့ ညအိပ်ခါနီးမှ အရက်သောက်တဲ့အခါ အရက်ရှိန်ကြောင့် အိပ်ပျော်သွားနိုင်ပေမယ့် လူလိမ္မာလေးလိုအိပ်သွားတာမဟုတ်တာကြောင့် Alcohol အရှိန်နဲ့ ကောင်းမွန်ပြီး ပြည့်ဝတဲ့ အိပ်စက်ခြင်းကိုတော့ ရရှိမှာ မဟုတ်ပါဘူး။
ညဘက်မှ အသားအရေလှချင်လာခြင်း ~
ညဘက်မှ သဘာဝနည်းနဲ့ Skin Care မယ်ဆိုပြီး ရေတွေထသောက်မယ်ဆိုရင်တော့ အိပ်မယ်လုပ်လိုက် ရှူးရှူးပေါက်ချင်လာလိုက်နဲ့ ကောင်းကောင်းကိုအိပ်ရတော့မှာမဟုတ်တာမို့ အိပ်ပျော်ခဲ့ရင်တောင် နောက်နေ့မနက်ဆို မျက်ကွင်းနဲ့ပဲဖြစ်ပါလိမ့်မယ်။
ညရောက်မှ D ဝင်လာခြင်း ~ ညရောက်မှ D ဝင်လာတာတို့ ၊ ကြိုးစားချင်စိတ်ဖြစ်လာတာတို့ဆိုရင်တော့ အဲ့ဒီညဟာ အိပ်ရေးပျက်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ အိပ်ပျော်ခဲ့ရင်တောင် နောက်ထပ် အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ပူပန်စရာတွေဟာ ခေါင်းထဲမှာ ပြည့်နေရင် ဘယ်လိုမှ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် စိတ်က မအေးချမ်းတဲ့အတွက် မနက်ခင်းနိုးလာရင်လည်း စိတ်ရော ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမှာမို့ အိပ်တော့မယ်ဆိုရင် စိတ်ကို ငြိမ်းချမ်းရေးပေးထားသင့်ပါတယ်။