ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့...

Fri, Jul 7, 2023 9:40 AM | B2C Super Admin

ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့...

ညချမ်းချိန်ခါ နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ နည်းလမ်းကောင်းလေးကို မျှဝေပေးမယ်

အိပ်စက်ခြင်းက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အလွန် အရေးကြီးပါတယ်။ အိပ်ရေးမဝခဲ့ဘူးဆိုရင်တော့ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာမဟုတ်သလို ရေရှည်မှာလည်း စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့အခြား ရောဂါတွေပါ ရစေမှာ ဖြစ်ပါတယ်။ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်စက်စေနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်တယ်ခင်ဗျာ။

ကိုယ်အိပ်တဲ့ အိပ်ချိန်ကို နေ့စဉ် မှန်ကန်အောင်လုပ်ဆောင်ပါ။
ဥပမာ - ည ၁၁နာရီ အိပ်ရာဝင်မယ်ဆို ညတိုင်း ည ၁၁နာရီ ပုံမှန် အိပ်ရာဝင်ဖို့လိုပါတယ်။ အိပ်ချိန်မှန်လာတဲ့အခါ မနက်ခင်းနိုးတဲ့ အချိန်တွေလည်း တဖြည်းဖြည်း မှန်လာမှာဖြစ်ပါတယ်။

နေ့ခင်းဘက်တွေမှာ အလင်းရောင်ရအောင်နေပြီး ညဘက်တွေမှာ အလင်းရောင် ထိတွေ့မှုကိုလျှော့ချပေးဖို့ လိုပါတယ်။
ညဘက်အိပ်ချိန်မှာ မီးအလင်းရောင်တင်မကဘဲ ဖုန်း၊ ကွန်ပျူတာ စတဲ့ Electronic Devices တွေက လာတဲ့ Blue light တွေကလည်း အိပ်ဖို့အတွက် အနှောက်အယှက်ဖြစ်စေတာကြောင့် မအိပ်ခင်အနည်းဆုံး ၁ နာရီလောက် ဖုန်းကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ TV (သို့) Computer ကြည့်တာ ရပ်မယ်ဆိုရင် နှစ်ခြိုက်တဲ့ အိပ်စက်ခြင်းမျိုး ဖြစ်လာမှာပါ ခင်ဗျာ။
အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့်အချက်ကတော့ ညဘက်တွေမှာ Alcohol တွေအများကြီး သောက်မယ်ဆိုရင် Melatonin ထုတ်လုပ်မှုကိုလည်း အပြောင်းအလဲဖြစ်စေပြီး Circadian rhythm ကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အိပ်တဲ့ အခါမှာလည်း မကြာခဏ နိုးခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ နှစ်နှစ်ခြိုက် ခြိုက် အိပ်မပျော်ခြင်းစတဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။

ညအိပ်ခါနီးမှာ ဗိုက်တင်းတဲ့အထိ မစားမိဖို့သတိပြုသင့်ပါတယ်။
မအိပ်ခင် အနည်းဆုံး ၄ နာရီလောက်ခွာပြီး စားထားတဲ့သူတွေမှာ ပိုပြီး ကောင်းစွာ အိပ်စက်နိုင်တာကို လေ့လာတွေ့ရှိရပါတယ်။

နောက်ထပ် ရှောင်ရမှာတွေကတော့ ညအိပ်ခါနီးမှာ Caffeine ပါတဲ့ Coffee, Tea နဲ့ အားဖြည့် အချိုရည်တွေပဲ ဖြစ်ပါတယ်။ညဘက် ရေများများ သောက်မိမယ်ဆိုရင်လည်း ဆီးခဏခဏ သွားပြီး အိပ်ရေးပျက်နိုင်တဲ့အတွက် ရေကို မနက်၊ နေ့ခင်းတွေမှာ ပိုသောက်ပြီး ညဘက်မှာ လျော့သောက်ဖို့ အကြံပေးချင်ပါတယ်။

အိပ်ရာနဲ့ အိပ်စက်မယ့် ပတ်ဝန်းကျင်ကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်ဖို့ လိုပါတယ်။ အိပ်စက်မယ့် အိပ်ရာ၊ ခေါင်းအုံး၊ စောင်တွေရဲ့ သန့်ရှင်းမှု၊ သက်သောင့်သက်သာဖြစ်စေမှုတွေကလည်း ကောင်းမွန်စွာ အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိစေပါတယ်။

ဒါ့အပြင် အိပ်မယ့် အခန်းနဲ့ ပတ်ဝန်းကျင်ကို သင့်တော်တဲ့ အခန်းအပူချိန် ရှိနေအောင်၊ ဆူညံသံတွေ မရှိအောင်၊ စူးရှတဲ့ အလင်းရောင်တွေ မဝင်နိုင်အောင် ပြင်ဆင်ထားဖို့လည်း လိုပါတယ် ခင်ဗျာ။